သတင်းအချက်အလက်များ ရယူခြင်း



ဒီအခြေခံကဒ်လေးကို ဆွဲချရယူပါ (pdf ၁၈၀ kb)

ဒီကဒ် သတင်းအချက်အလက်များ ရယူရန် အခြေခံ အခွင့်အရေးနဲ့ ပတ်သက်သမျှကို ရှင်းပြပေးပါတယ်။ ဒါ့အပြင် ဒီအခွင့်အရေးကို စည်းရုံးလှုံ့ဆော်ရေး နည်းဗျူဟာ အစိတ်အပိုင်းအဖြစ် ဘယ်လိုအသုံးချနိုင်တယ် ဆိုတာလည်း ရှင်းပြပေးတယ်။ အစိုးရက ထိန်းသိမ်းထားတဲ့ သတင်း အချက်အလက်တွေနဲ့ သတင်း အချက်အလက် တောင်းဆိုရန်တွေ၊ တောင်းဆိုချက်ကို ငြင်းခံရရင် ဘာ ဆက်လက်လုပ်မလဲ ဆိုတာတွေကို ဒီကဒ်က ရှင်းပြပေးပါတယ်။

ထုတ်ပြန်ထားပြီးသား သတင်း အချက်အလက်များ

အများပိုင် ဌာနမှန်သမျှကို ပြည်သူ့ဘဏ္ဍာနဲ့ပဲ လည်ပတ်ပါတယ်။ ဒီဌာနများရဲ့ တာဝန်ကတော့ ပြည်သူ့ တာဝန်ထမ်းဖို့၊ အများပိုင်ဌာနများဆီက သတင်းမှန်သမျှကို ပြည်သူတွေ သိရှိခွင့်ကို အခြေခံအကျဆုံး အခွင့်အရေးတခု အဖြစ် ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ တရားဥပဒေများက သတ်မှတ်ထားပါတယ်။

နောက်ဆုံး တိုင်းပြည်မှာ လွတ်လပ်စွာ သတင်းရယူခွင့် ဥပဒေ (တချို့နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့် ဒါမှမဟုတ် သတင်း ရရှိပိုင်ခွင့် လို့ခေါ်ကြတယ်) ဆိုတာ မရှိရင်တောင်မှ ပြည်သူက မေးခွန်းများ တောင်းဆိုလာရင် နိုင်ငံ့ဝန်ထမ်းများနေနဲ့ ဖြေကြားပေးဖို့ တာဝန်ရှိပါတယ်။ သတင်း လွတ်လပ်ခွင့် ဥပဒေ ရှိတဲ့ တိုင်းပြည်များ စာရင်းကို အောက်ပါ လင့်ခ်မှာ ကြည့်နိုင်ပါတယ်။သတင်း လွတ်လပ်ခွင့် ဥပဒေ ရှိတဲ့ တိုင်းပြည်များ စာရင်း မှာ လေ့လာပါ။

လွတ်လပ်စွာ သတင်း ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး နည်းလမ်း ၂ မျိုး သုံးနိုင်ပါတယ် -
ပထမတမျိုးကတော့ Proactive လို့ခေါ်တဲ့ တက်တက်ကြွကြွ ရှေ့ဆောင်ဦးရွက် ပြုတာမျိုး ဖြစ်ပါတယ်။ ပြည်သူပိုင်ဌာနများနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ ငွေရေးကြေးရေး မူဝါဒနဲ့ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ပံ့ပိုးပေးရန်၊ ထုတ်ပြန်ပေးရန် နဲ့ ဖြန့်ဖြူးပေးရန် ဆိုတာ ပြည်သူပိုင်ဌာနများ မဖြစ်မနေလုပ်ရမယ့် တာဝန်များပဲ ဖြစ်ပါတယ်။
ဒုတိယ တမျိုးကတော့ Reactive လို့ခေါ်တဲ့ တောင်းဆိုမှ ဆောင်ရွက်ပေးတာမျိုး၊ အများ ပြည်သူပိုင် ဌာနများနဲ့ဆိုင်ရာ အရာရှိများအနေနဲ့ ဌာနနဲ့ပတ်သက်သမျှ လုပ်ဆောင်နေချက်များနဲ့ စာရွက်စာတမ်းကိစ္စ သတင်း အချက်အလက်များကို ပြည်သူက တောင်းဆိုလာတဲ့အခါ ပေးရန် ဖြစ်ပါတယ်။ ပြည်သူမှာ ဒ်ီလိုတောင်းဆိုနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။

လုပ်ဆောင်ရန် - ၁ - ဘာသိချင်တယ် ဆိုတာ ဆုံးဖြတ်ပါ။
သတင်း အချက်အလက် မတောင်းခင် လိုရာရောက်ဖို့ ဘယ်လို သတင်းမျိုး လိုချင်တယ် ဆိုတာ ဆုံးဖြတ်ပါ။ လှုံ့ဆော်ဖို့ ကြိုးပမ်းနေတဲ့ ရည်ရွယ်ချက် ပန်းတိုင်တွေထဲက တခုကို ချရေးပါ။ ပြီးတော့ ဘယ်လို သတင်းအချက်အလက်မျိုးက ကိုယ်လိုရာရောက်ဖို့အတွက် အရေးအကြီးဆုံး အထောက်အပံ့ဖြစ်မလဲ ချိန်ဆပါ။
ဥပမာနေနဲ့ ပြောရရင် ပြည့်မီရန် ဦးတည်ချက်က ကိုယ်ဝန်ဆောင်သည်များရဲ့ မီးမဖွားခင် ကာလအတွင်း စောင့်ရှောက်မှုများအပေါ် အစိုးရက ပိုမို သုံးစွဲရန် ရည်ရွယ်တဲ့ ဘဏ္ဍာရေး အခြေအနေအတွက် ဖြစ်နေမယ်ဆိုရင် စုဆောင်းရန် အသင့်လျော်ဆုံး သတင်းအချက်အလက်က လက်ရှိကာလမှာ ဘယ်လောက် သုံးစွဲနေတာမျိုး ဖြစ်သင့်ပါတယ်။ ဒါဆို ဒီသတင်းအချက်အလက် ရပြီဆိုတာနဲ့ လုံလောက်ပြီလား၊ သင့်လျော်ပြီလား စဉ်းစားပါ။ တခြား နှိုင်းယှဉ်ကြည့်စရာ သတင်းများ ရလာခဲ့လျှင်ရော ပိုပြီး အကျိုးသက်ရောက်မှု ရှိမလား။ ဆိုရရင် တခြား မီးမဖွားခင်ကာလ စောင့်ရှောက်မှုမျိုး မရခဲ့တဲ့ မိခင်နဲ့ကလေးရဲ့ ကျန်းမာရေး ချို့တဲ့မှုအတွက် သုံးတဲ့ ကျန်းမာရေး စရိတ်စက ဘယ်လောက်ရှိမလဲ ဆိုတာကို သိပြီး နှိုင်းယှဉ်ကြည့်နိုင်တာမျိုး။ ဒါမှမဟုတ် မိခင်လောင်းများအတွက် နေ့စဉ်နဲ့အမျှသုံးတဲ့ ကျန်းမာရေး စရိတ်စကို တပ်မတော်အတွက် သုံးတဲ့ စရိတ်နဲ့ ယှဉ်ကြည့်တာမျိုး။ အစိုးရရဲ့ ဘဏ္ဍာရေးသုံးစွဲပုံ သုံးစွဲနည်းနဲ့ ပတ်သတ်သမျှကို သိနေရင် ဒါတွေဟာ ထောက်ပြချင်တဲ့အချက်ကို အားဖြည့်ပေးဖို့ နှိုင်းယှဉ်ပြစရာ အကြောင်းတွေ ဖြစ်နိုင်တယ်။

သတင်းလာရာ အရင်းအမြစ်ကို ဆန်းးစစ်ပါ
အများသိပြီးသား သတင်းဖြစ်စေ၊ လျှို့ဝှက်လာတဲ့ သတင်းဖြစ်စေ သတင်းရနိုင်တဲ့ အရင်းအမြစ်နေရာ တော်တော်များများရှိနေခဲ့ရင် လက်ရှိအရေးကိစ္စအတွက် တော်တော်ခြုံငုံမိမှာပါ။ ဥပမာပေးခဲ့သလိုပဲ မီးမဖွားခင်ကာလ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ငွေကြေးသုံးစွဲမှု ပမာဏကို သိလိုရင် ဆေးရုံတရုံရဲ့ ဆရာဝန်များ သို့မဟုတ် အုပ်ချုပ်သူများဟာ သတင်းရနိုင်တဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့ ဘယ်လောက် သုံးစွဲထားတယ် ဆိုတဲ့ အစီရင်ခံစာများကိုတော့ ကျန်းမာရေး သို့မဟုတ် ဘဏ္ဍာရေးဝန်ကြီး ဌာနများနဲ့ ပြည်နယ်စာရင်းဌာနများက ထိန်းသိမ်းနိုင်ပါမယ်။ ရရှိပြီးသမျှ အချက်အလက်များကို ပြန်လှန် ရည်ညွှန်းဆန်းစစ်နိုင်ရန်နဲ့ ဘယ်လောက်ထိ မှန်ကန် တိကျတယ် ဆိုတာ သိနိုင်ဖို့ သတင်းလာရာ အရင်းအမြစ် နှစ်ခုထက်မနည်းကို စဉ်းစားထားဖို့ လိုပါတယ်။


အစိုးရ သတင်း အချက်အလက်များကို ရှာဖွေခြင်း

အလိုရှိတဲ့ သတင်း အချက်အလက် မတောင်းဆိုခင် ဒီသတင်း အချက်အလက်များကို အများသိစေရန် ထုတ်ပြန်ပြီးသား ရှိ၊ မရှိ ရှာဖွေပါ။ ဒီနည်းက အချိန်ကုန် သက်သာစေပါတယ်။

လုပ်ဆောင်ရန် - ၂ - ထုတ်ပြန်ပြီးသား သတင်းအချက်အလက်များကို ရှာဖွေရန်ကြိုးစားခြင်း
ပတ်သက်သမျှ ထုတ်ပြန်ပြီးသား အစိုးရ သတင်းအချက်အလက်များကို ရှာဖွေပါ။ 

  • ပြည်သူပိုင်ဌာနများမှ လွှင့်တင်ထားတဲ့ ၀က်ဆိုဒ်များအား လေ့လာခြင်း။ ။ ဘဏ္ဍာရေးနဲ့ ပတ်သတ်သမျှ သတင်းအချက်အလက်များကို ဘဏ္ဍာရေးဝန်ကြီးဌာန သို့မဟုတ် တိုင်းပြည် စာရင်းစစ်ဌာနမှာ ရှာဖွေကြည့်ပါ။ ပြည်သူ့ဝန်ဆောင်ရေးအတွက် ဖြစ်နေခဲ့မယ်၊ ဥပမာ - ပညာရေး၊ ကျန်းမာရေး သို့မဟုတ် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်နေခဲ့မယ်ဆို ထိုဌာနဆိုင်ရာ ၀န်ကြီးဌာနများရဲ့ ၀က်ဆိုဒ်များမှာ လေ့လာပါ။
  • နေရာဒေသအလိုက် အသုံးများတဲ့ Search Engine ခေါ် အချက်အလက် ရှာဖွေရေး ယန္တယားများဖြစ်တဲ့ Google သို့မဟုတ် Yahoo တို့ကို သုံးပြီးလည်း ရှာဖွေပါ။ မိခင်ဘာသာစကားနဲ့သာမကပဲ ဘာသာစကားမျိုးစုံနဲ့ ရှာဖွေပါ။ အလှုရှင်နိုင်ငံများ သို့မဟုတ် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ သို့မဟုတ် အကြံပေးအဖွဲ့များက တင်ပြထားတဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ရေးထားတဲ့ အစီရင်ခံစာတွေမှာ အကျိုးရှိတဲ့ သတင်းအချက်တွေ ပါနေတတ်ပါတယ်။
  • ဒေသဆိုင်ရာ၊ ပြည်နယ် သို့မဟုတ် အမျိုးသား စာကြည့်တိုက်များ သို့မဟုတ် အစိုးရ သတင်းဌာနများကို အသုံးပြုရှာဖွေပါ။ စာကြည့်တိုက်မှူးများ သို့မဟုတ် ပြောရေးဆိုခွင့်ရှိသူများကို ဖုန်းမှတဆင့်သော်လည်းကောင်း လူကိုယ်တိုင် သော်လည်းကောင်း တွေ့ဆုံမေးမြန်းပါ။ ဒါပေမဲ့ တချို့ သတင်းလှည့်တတ်သော ပြောရေးဆိုခွင့် ရှိသူများကိုတော့ သတိပြုပါ။
  • အများပိုင်ရုံး တခုသွားပြီး လူချင်းတွေ့ဆုံပါ။ ။တကယ်တော့ ဗဟိုအစိုးရ ၀န်ကြီးဌာနများဟာ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် လို့ရတဲ့ နေရာများ မဟုတ်ပါဘူးး။ ဒါပေမဲ့ များသောအားဖြင့် ရုံးချုပ် အဆောက်အဦးမှာ သတင်းအချက်အလက် လိုချင်ရင် သွားရောက် မေးမြန်း တောင်းဆိုရနိုင်ပါတယ်။

ကိုယ့်ဘာသာ သတင်းအချက် လိုက်လံရှာဖွေ စုဆောင်းနေရတာ အချိန်ကုန်တယ်၊ စိတ်တိုစရာ ကောင်းလာမယ် ဆိုရင်တော့ သတင်းရရှိပိုင်ခွင့်ကို အသုံးချပြီး သတင်းတောင်းပါ။


သတင်းတောင်းဆိုပိုင်ခွင့် ရအောင် ကြိုးစားခြင်း

အစိုးရဆီက သတင်း အချက်အလက် တောင်းဆိုပိုင်ခွင့် အခွင့်အရေးရှိခြင်းနဲ့ အစိုးရက တောင်းဆိုချက်ကို အကြောင်းပြန်ရန် တာဝန်ရှိတာကို သတိရပါ။ ချွင်းချက် တချို့တလေတော့ ရှိပါတယ်။ တောင်းဆိုတိုင်း အစိုးရက သတင်း အချက်အလက် ထုတ်ပေးမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကြောင်းတော့ ပြန်ရမှာဖြစ်ပါတယ်။

  • ဘယ်လိုလူမျိုးတွေ တောင်းဆိုခွင့် ရှိသလဲ။
    နိုင်ငံ တော်တော်များများမှာတော့ ဥပဒေအရ မည်သူမဆို လူမျိုးမရွေးပဲ သတင်းအချက်အလက် တောင်းဆိုခွင့် ရှိပါတယ်။ ဒီသတင်း အချက်အလက်ကို ဘာကြောင့် စိတ်ဝင်စားရတယ်၊ ရလာတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဘာလုပ်မယ် ဆိုတာကို ရှင်းစရာ မလိုပါဘူး။ နာမည်၊ လိပ်စာ သို့ အီးမေးလ်လိပ်စာ ပေးလိုက်ရုံနဲ့ လိုချင်တဲ့ သတင်း အချက်အလက်ကို ပို့ပေးလာမှာပါ။
  • တောင်းဆိုချက်ကို ဘယ်လိုလုပ်ရမလဲ။
    အများပိုင်ဌာနများဆီကို အီးမေးလ် သို့မဟုတ် စာရေးပြီး မေးခွန်းများ ပို့ကာ တောင်းဆိုလို့ရပါတယ်။ တချို့ တိုင်းပြည်များမှာတော့ နှုတ်နဲ့ မေးမြန်းခွင့် ပြုပါတယ်။ သို့သော်လည်း မေးခဲ့တဲ့ အကြောင်းအရာများနဲ့ ဘယ်အချိန်မှာ မေးခဲ့တယ်ဆိုတာကို မှတ်တမ်းတင်ထားမယ် ဆိုရင်တော့ ပိုကောင်းပါမယ်။
  • တောင်းဆိုချက်ထဲမှာ ဘယ်လို အကြောင်းအရာမျိုးတွေ ထည့်သွင်းသင့်ပါသလဲ။
    တတ်နိုင်သမျှ ရှင်းလင်းတိကျစွာ တောင်းဆိုပါ။ သို့မှသာ ဌာနဆိုင်ရာ အရာရှိများအနေနဲ့ ဘယ်လိုသတင်းမျိုး လိုချင်တယ်ဆိုတာ တိတိကျကျသိမှာ ဖြစ်ပြီး တောင်းဆိုချက်ကို ငြင်းပယ်ရန် အခွင့်အလမ်း နည်းသွားမှာ ဖြစ်ပါတယ်။ ကိစ္စတော်တော်များများမှာ ဘယ်စာရွက်စာတမ်းကို လိုပါတယ်လို့ တကူးတက ရှင်းပြစရာမလိုပါဘူး။ နောက်ပြီး လိုတိုရှင်း မေးခွန်းများကို ပြင်ဆင်ထားပါ။ ဒါမှ အဖြေမြန်မြန်ရနိုင်ပြီး လိုအပ်သလို နောက်ဆက်တွဲ တောင်းဆိုချက်များ ဆက်လုပ်နိုင်ပါတယ်၊ လွတ်လပ်စွာ သတင်းရရှိပိုင်ခွင့် အကြောင်းကို လိုက်ရှင်းပြနေစရာ မလိုပေမယ့် ဒီအကြောင်း လေ့လာထားကြောင်း သက်ဆိုင်ရာက သိအောင် လုပ်နိုင်မယ် ဆိုရင် ဥပဒေအကြောင်း တီးခေါက်မိသူဖြစ်ကြောင်း ပြနိုင်ပါတယ်။

လုပ်ဆောင်ရန် - ၃။ တောင်းဆိုချက်ကို ကြိုတင်ပြင်ဆင်ခြင်း။
တောင်းဆိုချက်တခုကို ရေးသားခြင်းဟာ ရိုးရှင်းပြီး နားလည် လွယ်ပါတယ်။ တိုင်းပြည်ရဲ့ စံချိန်မီ ဘာသာစကားကို အသုံးပြုပါ။

လေးစားအပ်ပါသော ဦး/ဒေါ် ..
တောင်းဆိုလိုတဲ့ အချက်အလက်များကတော့ -

  • ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈ ခုနှစ်များအတွင်း ၈ နှစ်အောက်ကလေးများ ကာကွယ်ဆေးထိုးခြင်းအတွက် သုံးစွဲထားတဲ့ ငွေကြေးပမာဏ စုစုပေါင်း အချက်အလက်များကို နှစ်အလိုက်၊ ဖြစ်နိုင်ပါက လအလိုက် ခွဲပေးဖို့ တောင်းဆိုလိုပါတယ်။
  • ဤနှစ်များမှာ အစိုးရရဲ့ တယောက်မကျန် ကာကွယ်ဆေးထိုးရမယ့် အစီအစဉ် အသစ်အရ ကာကွယ်ဆေး ထိုးပြီး ကလေးဦးရေ စုစုပေါင်း

အထက်ပါ သတင်းအချက်အလက်များကို အောက်ဖော်ပြပါ ကျွန်တော်/ကျွန်မ၏ အီးမေးလ်လိပ်စာသို့ ပို့ပေးစေလိုပါတယ်။

တောင်းဆိုချက်များအပေါ် မေးစရာရှိပါက အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

လေးစားစွာဖြင့် …

 

 

  • ဘယ်လိုပုံစံနဲ့ အချက်အလက် လက်ခံနိုင်မလဲ။
    မူရင်း၊ မိတ္တူ၊ DVD သို့မဟုတ် CD စတဲ့ နည်းလမ်းမျိုးစုံနဲ့ လက်ခံနိုင်ပါတယ်။ ကိစ္စတော်တော်များများမှာတော့ ငွေကြေး အကုန်အကျမများဘူး၊ သင့်လျော်မယ်လည်း ဆိုရင် ကြိုက်ရာပုံစံနဲ့ လက်ခံဖို့ တောင်းဆိုနိုင်ပါတယ်။
  • တောင်းဆိုထားတဲ့ အချက်အလက်များကို ဘယ်လောက် အကြာမှာ လက်ခံရရှိမလဲ။
    ဒီနေရာမှာ တိုင်းပြည် အမျိုးအမျိုးရဲ့ ဥပဒေကို လိုက်ပြီး ကွဲပြားနိုင်ပါတယ်။ အချိန်တလထက် ပိုကြာတတ်တဲ့ တိုင်းပြည်က နည်းပါတယ်။ ပုံမှန်ကတော့ ရုံးပိတ်ရက်မပါ ၁၅ ရက်ပတ်ဝန်းကျင်ပဲ ကြာပါတယ်။ တောင်းဆိုချက်ဟာ ရှုပ်ထွေးနေခဲ့မယ် ဆိုရင် တိုင်းပြည်အများစုမှာတော့ အများပိုင်ဌာနများဟာ ရက်အနည်းငယ် သို့မဟုတ် လနဲ့ချီပြီး လိုအပ်ရင် လိုအပ်သလို သတင်း အချက်အလက်ထောက်ပံ့ဖို့ အချိန်ပိုယူခွင့် ရှိပါတယ်။ ဘယ်လိုပဲဖြစ်စေ တောင်းဆိုသူကို နှောင့်နှေးကြန့်ကြာမှုများ အသိပေးဖို့နဲ့ ဘာကြောင့်ဆိုတာ ရှင်းပြပေးဖို့ လိုပါတယ်။
  • တောင်းဆိုတဲ့ အချက်အလက်များအတွက် အခကြေးငွေပေးရန် လိုအပ်ပါသလား။
    ပုံမှန်အားဖြင့်တော့ ဒါဟာ အခမဲ့ဖြစ်သင့်ပါတယ်။ (အချို့နိုင်ငံ အနည်းစုမှာတော့ မဆိုစလောက် အခကြေးငွေ ပေးရတတ်ပါတယ်။) သို့သော်လည်းပဲ တံဆိပ်ခေါင်းခ၊ မိတ္တူကူးခတို့ကိုတော့ ကိုယ်ပဲကျခံရမှာ ဖြစ်ပါတယ်။ ဒီအတွက် ဈေးနှုန်းများကတော့ သတ်မှတ်ထားတဲ့ အတိုင်းပဲ ဖြစ်သင့်ပါတယ်။ အကယ်၍ အဆမတန် ပေးခဲ့ရတယ်လို့ သံသယ ရှိတယ်ဆိုရင် သက်ဆိုင်ရာ အများပိုင်ဌာန သို့မဟုတ် တိုင်ကြားရေးအရာရှိ သို့မဟုတ် အချက်အလက်ဆိုင်ရာ တာဝန်ရှိသူကို တင်ပြပါ။

အစိုးရပိုင်ဆိုင်တဲ့ အချက်အလက် မှန်သမျှကို တောင်းဆိုပိုင်ခွင့် ရှိပါသလား။

အဖြေကတော့ မရှိပါ။ သတင်းအချက် တောင်းဆိုပိုင်ခွင့် အခွင့်အရေးဟာ အပြည့်အ၀တော့ မဟုတ်ပါဘူး။ အမျိုးသားလုံခြုံရေးနဲ့ လူ့အဖွဲ့အစည်း တည်ငြိမ်မှုအတွက်၊ မှုခင်းစုံစမ်းမှု မထိခိုက်ရေးအတွက်၊ အတွင်းရေးကိစ္စ သို့မဟုတ် ပုဂ္ဂလိက လုပ်ငန်းလုပ်ဆောင်နေသူများရဲ့ ရောင်းရေးဝယ်တာများကို ထိန်းသိမ်းဖို့ အချက်အလက်များကို ထိမ်ချန်ထားရပါတယ်။ တိုင်းပြည်ရဲ့ အချက်အလက် တောင်းဆိုပိုင်ခွင့် ဥပဒေထဲမှာ အချက်အလက် ပံ့ပိုးမှုကို ရှောင်ရှားပိုင်ခွင့် ချွင်းချက်များ စာရင်းကို ရှာတွေ့နိုင်ပါတယ်။

အစိုးရအနေနဲ့လည်း သတင်းအချက်အလက် ပမာဏနည်းနည်းကိုသာ ထိမ်ချန်ထားပြီး ဘာကြောင့် ဒီလို သိုဝှက်ထားရတယ် ဆိုတာကို ရှင်းပြဖို့လိုပါတယ်။ အများပိုင်ဌာနများဟာလည်း ပြည်သူ့ အကျိုးအတွက်နဲ့ လုံခြုံရေးကို ချိန်ခွင်လျှာညှိပေးဖို့ လိုပါတယ်။ ပြည်သူတွေအတွက် လွန်စွာ အကျိုးရှိမယ် ဆိုရင်တော့ ချွင်းချက်အနေနဲ့ လျှို့ဝှက်ထားရမယ့် သတင်း အချက်အလက်ကိုတောင် ဖွင့်ချပေးသင့်ပါတယ်။

ချွင်းချက်ဆိုတာ အချက်အလက်များအတွက်ကိုသာ ရည်ညွှန်းပြီး အမှုတခုလုံးကို ဆိုလိုတာ မဟုတ်ဘူးဆိုတာ သတိချပ်ပါ။ ချွင်းချက်များနဲ့ ငြိနေတဲ့ တောင်းဆိုချက်မျိုးကို တောင်းဆိုလာခဲ့ရင် သက်ဆိုင်ရာ အများပိုင်ဌာနအနေနဲ့ မဖော်ပြသင့်တဲ့ အချက်အလက်များကို ချန်လှပ်ထားခြင်း သို့မဟုတ် အရေးကြီးတဲ့ သတင်းအသေးစိတ်များကို ဖယ်ရှားပြီး ကျန်တဲ့ အမှုတွဲ တစိတ်တပိုင်းကိုသာ ပေးနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်လာခဲ့မယ်ဆိုရင် သက်ဆိုင်ရာဌာနအနေနဲ့ ဘာ့ကြောင့် အမှုတွဲကို တည်းဖြတ်ထားကြောင်း၊ ဘယ်နေရာမှာ ဖြုတ်ချထားခဲ့တာများ ရှိပြီး အသေးစိတ်တချို့ကို လိုအပ်သလို ပြင်ဆင်ထားခဲ့ကြောင်း အသိပေးသင့်ပါတယ်။

လုပ်ဆောင်ရန် - ၄။ ဖြစ်နိုင်ခြေ ချွင်းချက်များကို ခန့်မှန်းကြည့်ပါ။
တောင်းဆိုတဲ့ သတင်းအချက်အလက်များ သတ်မှတ်ထားတဲ့ ချွင်းချက်များနဲ့ ငြိစွန်းနေနိုင်ကြောင်း ကြိုတင်တွက်ဆပါ။ အများပိုင်ဌာနများက နိုင်ငံရေးအခြေအနေအရ သတင်း ကန့်သတ်ထားနိုင်ခြေရှိလား တွက်ဆပါ။ ရှိခဲ့ရင် ဘယ်လို အချက်အလက်မျိုးက ချွင်းချက် အဖြစ်ထားနိုင်မလဲ တွေးခေါ်ခွဲခြားပါ။ နောက် ဒီတောင်းဆိုမှုမျိုးကို သီးခြားစီစဉ်ပါ။ တောင်းဆိုမှု မလုပ်ခင် တောင်းဆိုတဲ့ သတင်းအချက်အလက် မရခဲ့ရင် ဘာဆက်လုပ်မလဲ ကြိုစီစဉ်ပါ။ အထူးသဖြင့် ငြင်းခံရနိုင်တယ်လို့ သံသယရှိတဲ့ အခါမျိုးမှာ ဖြစ်ပါတယ်။

အသုံးပြုရန် နည်းလမ်း အသွယ်သွယ် -

  • တောင်းဆိုချက် လုပ်တော့မယ့်အကြောင်း ကြိုတင်ကြေညာနှင့်ပါ။ ဒီနည်းလမ်းက အစိုးရကို တုံ့ပြန်အောင် ဖိအားပေးသလို ဖြစ်ပါတယ်။
  • တောင်းဆိုချက် လုပ်တော့မယ့်အကြောင်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ သတင်းထောက်များကို အသိပေးပါ။ နောက်ဘယ်လို အဖြေမျိုးရလာတယ် ဆိုတာ အသိပေးမယ့် အကြောင်းလည်း ပြောပြပါ။
  • ငြင်းခံရမယ်ဆိုရင် ထောက်ခံသူများနဲ့ ဘယ်လို လှုပ်ရှားကြမယ် ဆိုတာ စီစဉ်ထားပါ။ နိုင်ငံတွင်း အခြေအနေပေါ် မူတည်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက နိုင်ငံတကာ လှုပ်ရှားသူများနဲ့ ညှိနှိုင်းထားတာက အစိုးရကို သတင်းထုတ်ပြန်ပေးစေဖို့ ဖိအားတခု ဖြစ်နိုင်ပါတယ်။

တောင်းဆိုချက် ပယ်ချခံခဲ့ရရင် ဘာလုပ်ရမလဲ။

တောင်းဆိုချက်များ မရခဲ့ရင်၊ အကြောင်းပြန်မလာခဲ့ရင် ယူခံဝင်ခွင့် ရှိပါတယ်။ သတင်း လွတ်လပ်ခွင့် ဥပဒေရှိတဲ့ နိုင်ငံများမှာ ဆိုရင် အယူခံဝင်ရန် အဆင့်ဆင့်ကို ရှင်းလင်းစွာ ဖော်ပြထားပြီးသား ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ထုတ်ပြန်ပေးရန် ငြင်းဆိုတဲ့ ဌာနကို အယူခံဝင်နိုင်ပါတယ်။ မအောင်မြင်ခဲ့ရင် တရားရုံးများအထိ လျှောက်ထားခွင့် သို့မဟုတ် ပြန်ကြားရေးရာ အရာရှိကို လျှောက်ထားခွင့်ရှိပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

ဒီကဒ်လေးကို Access Info Europeမှ ရေးသားခဲ့ပြီး၊ အချက်အလက် အပြည့်အစုံကို သူတို့ရဲ့ ကွန်ရက်စာမျက်နှာမှာ ဖတ်ရှုနိုင်တယ်။